Partners

INFRC

EM Technology

အီးအမ် (အကျိုးပြုအဏုဇီဝ)နည်းပညာ
EM (Effective Microorganisms) Technology

အကျိုးပြုအဏုဇီဝဖျော်ရည် ခေါ် အီးအမ်ဆိုသည်မှာသီးနှံပင်ကြီးထွားဖြစ်ထွန်းမှုကိုအားပေးသည့် အကျိုးပြုဏုဇီဝ မျိုးစိတ်ပေါင်း (၈ဝ) ကျော်ကိုအဆင့်မြင့်နည်းပညာဖြင့် စနစ်တကျစုပေါင်း မွေးမြူထားသည့် အရည်တစ်မျိုးဖြစ်သည်။
          အီးအမ်ထဲတွင်သီးနှံပင်အတွက်လေထဲမှနိုက်တြိုဂျင်ကိုဖမ်းယူပေးသော အဏုဇီဝများ၊ အစာနှင့်ရေ စုပ် ယူမှုကိုအားပေးသော အဏုဇီဝများ၊ အပင်အစာချက်မှုကိုအားပေးသောအဏုဇီဝများ၊ မြေထဲရှိ သြဂဲနစ် ပစ္စည်းများ (သီးနှံပင်အကြွင်းအကျန်များ) ကိုလျှင်မြန်စွာချေဖျက်၍အပင်အတွက် အသုံးဝင်သော အဟာရ ဓါတ်များထုတ်ပေးသည့် အဏုဇီဝများ၊ မြေထဲရှိရောဂါပိုးများကိုရှင်းလင်းပေးသော အဏုဇီဝများ ပါဝင်ပါသည်။
          အီးအမ်ကိုမြေထဲထည့်ပေး၍ သင့်တော်သော အစိုဓါတ်ရရှိအောင် ဆောင်ရွက်ပေးပါက အီးအမ်ထဲရှိ အ ဏုဇီဝ များမြေထဲတွင်ပွားများလာပြီး အထက်ပါအလုပ်များကို လုပ်ပေးခြင်းဖြင့် သီးနှံအထွက်တိုးစေပါသည်။ အီးအမ်သည်သက်ရှိဖြစ်၍ပွားများနိုင်ပြီး အနည်းငယ်ထည့်ရုံဖြင့် ရေရှည်အကျိုးကျေးဇူးရရှိနိုင်ပါသည်။
          အီးအမ်ကို စိုက်ခင်းမြေထဲထည့်ပေးခြင်း၊ သီးနှံပင်ပေါ် တိုက်ရိုက်ဖျန်းပေးခြင်း၊ မြေဆွေးလုပ်ရာတွင် ထည့်သုံးခြင်းဖြင့်သီးနှံများ၏ အထွက်နှုန်း နှင့်အရေအသွေး ကိုတိုးတက်ကောင်းမွန်စေပါသည်။

အီးအမ်၏အကျိုးအာနိသင်များ
၁။ အီးအမ်တွင်ပါသော အကျိုးပြုအဏုဇီဝများသည် ကောက်ရိုး၊နွားချေးစသည့် သီးနှံပင်အကြွင်းအကျန်များနှင့် တိရိစ္ဆာန်အညစ်အကြးများ (သြဂဲနစ်ပစ္စည်းများ) ကိုလျှင်မြန်စွာချေဖျက်ပြီး အပင်ကစုတ်ယူစားသုံးနိုင်သော အဟာရဓါတ်များအဖြစ်ပြောင်းပေးခြင်း။
၂။ မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ၊ ဓါတ်ဂုဏ်သတ္တိ၊ ဇီဝဂုဏ်သတ္တိများကို တိုးတက်ကောင်းမွန်စေပြီး ထယ်ထိုး၊ ထွန်မွှေရပိုမိုလွယ်ကူလာစေခြင်း။
၎။ မြေ၏ရေထိန်းစွမ်းအားပိုမိုကောင်းမွန်စေခြင်း။
၅။ မြေဆီလွှာအတွင်းမူလကထဲကရှိနေသော အကျိုးပြုအဏုဇီဝများပိုမိုပွားများလာစေပြီး ၄င်းတို့၏ အစွမ်းသ တ္တိများကိုပိုမိုကောင်းမွန်လာစေခြင်း။
၆။ မြေဆီလွှာအတွင်းရှိ အပင်ကိုအန္တရာယ်ဖြစ်စေသော ပိုးမွှားများနှင့် ရောဂါပိုးများကို တဖြည်းဖြည်းလျှော့နည်း ပျောက်ဆုံးစေခြင်း။
၇။ မြေတွင်းရှိအပင်ကိုထိခိုက်စေသော ဓါတ်ငွေ့ (အပုပ်နံ့)များနှင့်အပူဓါတ်များကိုချေဖျက်ပေးခြင်း
၈။ မြေတွင်းရှိအပင်ကမစုတ်နိုင်သော အဟါရဓါတ်များကို အပင်က စုတ်နိုင်သောပုံစံအဖြစ် ပြောင်းပေးခြင်း၊ အ မြစ်၏ အဟာရ ဓါတ်စုတ်မှုကိုကူညီခြင်း၊
၉။ အမြစ်၏ရေစုတ်ယူမှုကိုအားပေးခြင်းဖြစ်အပင်အားရေငတ်ဒဏ်ခံနိုင်စေခြင်း
၁ဝ။ မြေချဉ်ငံဓါတ်ကိုထိန်းညှိပေးခြင်း၊ ချဉ်ငံဓတ်များက နည်းအောင်လုပ်ပေး၍ နည်းကများအောင်ညှိပေးပါ သည်။ အထူးသဖြင့် ဓါတ်မြေသြဇာများ အသုံးများ၍မြေချဉ်ခြင်းကိုကာကွယ်ပေးပါသည်။
၁၁။ မျိုးစေ့ပင်ပေါက်မှုမြန်စေခြင်း၊ အပင်ပေါက်ညီညာခြင်း၊ အပင်ကြီးထွားဖွင့်ဖြိုးမှုကောင်းခြင်း၊ အသီးအပွင့် စောခြင်း၊ ပိုများခြင်း၊ သီးနှံ၏အနံအရသာပိုကောင်းလာခြင်း၊
၁၂။ သီးနှံပင်များ၏နေရောင်ဖြင့်အစာချက်မှုစွမ်းအားပိုမိုမြင့်မားလာစေခြင်း။
၁၃။ သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ခြင်းကြောင့် ဖြစ်ရသောရောဂါနှင့် ပိုးမွှားများပိုမိုများပြားလာခြင်း၊ အ ထွက်လျှော့လာခြင်းတို့ မဖြစ်အောင်ကာကွယ်ပေးနိုင်သောကြောင့် သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်နိုင် အောင် ကူညီပေးခြင်း။
၁၄။ ပေါင်းမြက်စေ့များ လျှင်မြန်စွာနှင့် တစ်ပြိုင်တည်း ပေါက်လာစေနိုင်ပါသည်။ ထို့ကြောင့် လယ်မြေများတွင် အီးအမ်ထည့်ပြီး ၁၅ရက်ကြာထား၍ ပေါင်းမြက်များပေါက်စေပြီးနောက် စပါး မစိုက်မီပေါင်းမြက်များကို ထယ်ထိုး မြေမြုတ်ပေးခြင်းအားဖြင့်စပါးခင်းတွင်အကြိမ်ကြိမ်ပေါင်းရှင်းရခြင်း မရှိဘဲလုပ်အားခသက်သာစေခြင်း။
၁၅။ ထည့်လိုက်သော မြေသြဇာများ၏အစွမ်းကို ပိုမိုထိရောက်စေခြင်းဖြင့်မြေသြဇာများ လျှော့ထည့်ရခြင်း

အီးအမ်ကိုဘယ်လိုသုံးမှာလဲ
          မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ဖြန့်ဖြူးသော/ ဆိုင်တွင်တင်ရောင်းနေသော အီးအမ်ဖျော်ရည်သည် ကြာ ရှည်ခံအောင်ပြုလုပ်ထားသည့် အီးအမ်ဖျော်ရည်အပြင်း (EM concentrate) ဖြစ်သည်။ အီးအမ် ဖျော်ရည် အ ပြင်းကို အသုံးပြုလိုလျှင်အသင့်သုံး အီးအမ် (EM instant) အဖြစ် ပြောင်းသုံးရမည်။ အီးအမ် အပြင်းထဲတွင်ပါ သော အဏုဇီဝများသည် ကြာရှည်ထားခံအောင်ပြုလုပ်ရဖြင့် အစွမ်းငြိမ်သက်အောင် ပြုလုပ် ထားရပါသည်။  ၄င်းကို အသင့်သုံး အီးအမ်အဖြစ်ပြောင်းမှအစွမ်းထက်သော အဏုဇီဝများ ဖြစ်လာမည် ဖြစ်သည်။ ထို့ပြင် အီး အမ်ဖျော်ရည်အပြင်းကို အသင့်သုံး အီးအမ်အဖြစ်ပြောင်းပါက အဆ(၁ဝဝ) ပွားလာ မည် ဖြစ်သည်။ ထို့ကြောင့် အီးအမ်အပြင်းကို အသုံးပြုခါနီးတွင် အသင့်သုံးအီးအမ်အဖြစ် ပြောင်းပြီးမှ သုံးရမည်ဖြစ်သည်။ သို့သော် အသင့် သုံးအီးအမ်သည် (၇) ရက်မှ (၁ဝ) ရက်ခန့်သာခံသဖြင့် ကြာရှည်သိုလှောင်၍ မရပါ။ အီးအမ်အပြင်း မှာမူ (၆)လမှ တစ်နှစ်ခန့် ထိခံသဖြင့် သိုလှောင်သိမ်းဆည်း ဖြန့်ဖြူးရောင်းချနိုင်ပါသည်။

အသင့်သုံး အီးအမ် ဖျော်စပ်နည်း
          အီးအမ်အပြင်းကို တင်လဲရည်/ ထန်းလျှက်/ သကြားကိုအသုံးပြု၍ အသင့်သုံး အီးအမ် ပြုလုပ်နိုင်ပါ သည်။ ထုထည်အချိုးအားဖြင့် အောက်ပါအတိုင်းဖျော်စပ်ရပါမည်။
အီးအမ်ဖျော်ရည်အပြင်း            ၁ ဆ (၃ဝ စီစီ/ပရုပ်ဆီဘူး(၁)ဘူး) သို့မဟုတ် (နို့ဆီဘူး ၂/၃ဘူး)
တင်လဲရည်                         ၄ဆ  (၁၂ဝ စီစီ/ပရုပ်ဆီဘူး(၄)ဘူး) သို့မဟုတ် (နို့ဆီဘူး၃ဘူး)
သန့်ရှင်းသောရေ                  ၉၅ဆ (သုံးလီတာ/ရေသန့်ဘူး(၃)ဘူး) သို့မဟုတ် (ငါးဂါလံ)
          အထက်ပါအချိုးအတိုင်းအတိုင်းရောစပ်ပြီး သန့်ရှင်းသော ပလတ်စတစ်ပုံးသို့မဟုတ် စဥ့်အိုးထဲထည့်၍ ကောင်းစွာမွှေပေး၍သုံးရက်ကြာလျှင်အသင့်သုံးအီးအမ်ကိုရရှိပါသည်။ ရာသီဥတုအေးပါက (၃) ရက်ထက်ပို ထားရန် လိုပါသည်။ မူလဖျော်စကအသင့်သုံး အီးအမ်သည်တင်လဲရည် အမဲရောင်တွေ့ရမည်ဖြစ်ပြီး (၃) ရက်ကြာပြီနောက် အဝါရောင်ပြောင်းသွားမည်ဖြစ်သည်။ အဝါရောင်မပြောင်းသေးပါက (၃) ရက်ထက်ပိုထားရ မည်ဖြစ်ပါသည်။ အဝါရောင်ပြောင်းသွားလျှင်သုံးနိုင်ပြီဖြစ်သည်။

အီးအမ်ဖျော်ရည်အားလက်တွေ့အသုံးပြုနည်းစနစ်
          အကြမ်းအားဖြင့်အသင့်သုံးအီးအမ်ဖျော်ရည် (၁)ဆနှင့် ရေ (၅ဝဝ-၁ဝဝဝ) ဆရော၍တစ်ဧကလျှင် အသင့်သုံးအီးအမ် (၂ဝ) လီတာနှုန်းဖြင့်စိုက်ခင်းထဲနှုံ့စပ်အောင်ဖျန်းရမည်ဟုမှတ်ယူနိုင်ပါသည်။ အနည်းဆုံး (၃) ကြိမ် (မြေပြင်ချိန်တစ်ကြိမ်၊ စိုက်ပြီး/မျိုးစေ့ချပြီး (၂)ပတ်သားတွင်တစ်ကြိမ်၊ စိုက်ပြီး (၆)ပတ်သား တွင် တစ်ကြိမ်) ဖျန်းရမည်ဖြစ်သည်။ လယ်ကွင်းကဲ့သို့ ရေများသောစိုက်ခင်းတွင် ရေ (၂ဝ-၅ဝ)ဆ သာရောရန်လိုပါ သည်။ လယ်ကွင်းတွင် ဖျန်းသောအခါ အဓိကအားဖြင့် မိမိဖျန်းလိုသောစိုက်ခင်းအနှံ့ အီးအမ် ရောက်ရုံသာ ရေရောရန်လိုပါသည်။ ရောဂါကာကွယ်ရန်အပင်ပေါ်ဖျန်းလိုလျှင် ၁း၂ဝဝ နှုန်းဖြင့်သာရေရော ၍ အပင်ပေါ် ရွှဲအောင်ဖျန်းရမည်ဖြစ်သည်။ အီးအမ်အချိုးများသွားသော်လည်းအန္တရယ်မရှိပါ။
အီးအမ်ဖျော်ရည်အသုံးပြုပုံနည်းစနစ်များ
၁။ ဆေးဖျန်းပုံးဖြင့်ဖျန်းခြင်း - ဆေးဖျန်းပုံးထဲ အီးအမ်ထည့်ဖျန်းက ရေအချိုး လျှော့ဖျန်းနိုင်ပါသည်။
၂။ ရေဖျန်းပုံးဖြင့်ဖျန်းခြင်း - ရေဖျန်းပုံးထဲ အီးအမ်ထည့်ရောမွှေ၍ စိုက်ခင်းထဲဖျန်းနိုင်ပါသည်။ ၁း ၅ဝဝ-၁ဝဝဝ နှုန်းဖျန်းနိုင်ပါသည်။
၃။ ရေပုံး၊ရေခွက်များဖြင့်ဖျန်းခြင်း - ရေပုံးထဲ အီးအမ်ထည့်ရောမွှေ၍ ရေခွက်ဖြင့် ပက်ဖျန်းနိုင်ပါသည်။ ရေများ သော လယ်ကွက်များတွင်ရေအချိုးအနည်းငယ် (၁း၂ဝ-၅ဝ) ဖြင့်ဖျန်းနိုင်ပါသည်။ သို့သော် ရေနည်းသော ယာခင်း များတွင် ဤနည်းသုံး၍မရပါ။
၎။ လယ်ကတွတ်ပေါက်မှထည့်ခြင်း - လယ်ကတွတ်ပေါက်မှ အီးအမ်ကိုတစ်စက်စက်ချပေးဖြင့် သွင်းရေဖြင့် အီး အမ်များ ပါသွားပြီး လယ်ကွင်းအနှုံ့အီးအမ်ရောက်အောင်လုပ်နိုင်ပါသည်။
၅။ မျိုးစေ့စိမ်ခြင်း - အသင့်သုံး အီးအမ် (၁)ဆ၊ ရေအဆ(၅ဝဝ) ဖြင့်ရော၍မျိုးစေ့ကို (၂၄) နာရီရေစိမ် စိုက်နိုင် ပါသည်။ အပင်ပေါက်ပိုကောင်း၍ ရောဂါကျရောက်မှုနည်းစေပါသည်။
          အီးအမ်ဖျော်ရည်ကို စိုက်ခင်းအတွင်းတိုက်ရိုက်ဖျန်းပါက အကျိုးပြုအဏုဇီဝ(အီးအမ်) သက်ရှိများသည် မြေထဲတွင် အခြေချနေထိုင်ပွားများမှုမပြုနိုင်ခင် မြေတွင် မူလရှိနှင့်ပြီးဖြစ်သော အဏုဇီဝများနှင့် ပဋိပက္ခဖြစ်ရသ ဖြင့်အီးအမ်၏ အရည်အတွက်လျှော့ကျသွားပြီး အာနိသင် လျှော့သွားလေ့ရှိပါသည်။ ထို့ကြောင့် အီးအမ်ကို အီးအမ်မြေဆွေး ခေါ် အီးအမ်ဘိုကာရှီ ပြုလုပ်သုံးစွဲပါက ပိုမိုထိရောက်နိုင်ပါသည်။ အကြောင်းမှာ အီးအမ်ဘို ကာရှီတွင် အီးအမ်အဏုဇီဝများအတွက် အခြေချနေထိုင်ရန်နေရာနှင့် အဟာရများပါလာပြီးဖြစ်သဖြင့် ပိုမိုအင် အားကောင်းလာစေဖြင့် မူလရှိပြီးအဏုဇီဝများ နှင့် ယှဉ်ပြိုင်နိုင်ပြီး အရေအတွက် လျှော့ကျခြင်းမရှိဘဲ အာနိ သင်လျှော့နည်းသွားခြင်းမရှိပါ။ ထို့ကြောင့် အီးအမ်ဘိုကာရှီခေါ် အီးအမ်မြေဆွေးများ ပြုလုပ်သုံးစွဲမှသာ အီး အမ်၏ အကျိုးအာနိသင်များကို အချိန်တိုအတွင်း လျှင်မြန်စွာရရှိစေပါမည်။

အီးအမ်ဘိုကာရှီ ခေါ် အီးအမ်မြေဆွေးပြုလုပ်နည်းအမျိုးမျိုး

(က) ရိုးရိုးပြုလုပ်နည်း(ဗနမသဘငခ ႀသုေ့်င)
         ရှေးဦးစွာစည်ပိုင်းပြတ် သို့မဟုတ်နွားစားကျင်းထဲတွင် အသင့်သုံးအီးအမ် (၁)ဆ၊ တင်လဲရည် (၁)ဆ၊ ရေ (၉၈) ဆ ရောစပ်၍ကောက်ရိုးများကို ၄င်း အရည်ထဲနှစ်ပြီး ရေစစ်၍ (၆) လက်မအထူရအောင် မြေပြင်ပေါ် တွင်ပုံပါ။ ၄င်းအပုံကို ပွမနေရန်တတ်နိုင်သ၍ဖိသိပ်ပေးပါ။ ထို့နောက် ၄င်းကောက်ရိုးပေါ် နွားချေး တစ်လက်မ အထူ ဖုံးအုပ်ပေးပါ။ ထည့်နိုင်ပါက တစ်အလွှာလျှင် ဖွဲနုလက်တစ်ဆုပ်ခန့် ထည့်ပေးနိုင်လျှင် ကောင်းပါသည်။ ဤနည်းအတိုင်း အမြင့် (၄) ပေခန့်ထိရအောင် ပုံပါ။ ထို့နောက် ပလပ်စတစ်စ သို့မဟုတ် ပီနံအိတ်ခွံများဖြင့် လုံအောင်ဖုံးပါ။ အိတ်ခွံများမရှိပါက ကောက်ရိုးဖြင့်လုံအောင်ဖုံးပါ။ တစ်ပတ်ခန့်အကြာတွင် အဖြူရောင်မှိုမျှင် များ ထွက်လာသည်ကိုတွေ့ရမည်ဖြစ်ပြီး (၁၅) ရက်ခန့်ကြာလျှင် အသုံးပြုနိုင်ပြီဖြစ်သည်။ အဖြူရောင် မှိုမျှင် များများထွက်လေကောင်းလေဖြစ်သည်။ အီးအမ်မြေဆွေးများ အခြားမြေဆွေးများကဲ့သို့ လုံးဝဆွေးအောင် စောင့်စရာမလိုဘဲသုံးနိုင်ပါသည်။
          ကောက်ရိုးအစား ပြောင်းရိုး၊ဂျုံရိုး၊ နှမ်းရိုး၊ ပဲမှော်၊ မြေပဲခွံ၊ လွှစာ၊ သစ်ရွက်ခြောက်၊ အမှိုက်စသည့် သြဂဲနစ်ပစ္စည်းများ ကိုအသုံးပြုနိုင်ပါသည်။ပေါင်းရှင်းထားသောမြက်စိမ်းများ၊ သစ်ရွက်စိမ်း၊ ဗေဒါပင်အစိမ်း များလည်းသုံးနိုင်ပါသည်။
          ရနိုင်ပါကတစ်လွှာပုံတိုင်း ဖွဲနုအနည်းငယ် (လက်တစ်ဆုပ်ခန့်) ထည့်ပေးနိုင်လျှင်များစွာပိုမိုကောင်း မွန်ပါသည်။ တင်လဲရည်မရနိုင်ပါက ထန်းလျှက်ကိုသုံးနိုင်ပါသည်။ တင်လဲရည်/ ထန်းလျှက်မထည့်ဘဲ လုပ် လျှင်ရနိုင်သော်လည်း မကောင်းပါ။ ကောက်ရိုးကိုအီးအမ်စိမ်ခြင်းပြုလုပ်ရန်ခက်ခဲပါကတစ်လွှာပုံပြီးတိုင်း နွား ချေးပေါ် အီးအမ်ဖျော်ရည်ကိုအထက်ပါအချိုးအတိုင်းရေရော၍ဖျန်းနိုင်ပါသည်။ ရေဖျန်းပုံး အပေါက်သေးသေး နှင့်မြေကြီးပေါ် ရေရွှဲ အိုင်သည်အထိ အချိန်ယူဖျန်းရပါမည်။ အဓိကမှာ ကောက်ရိုးမျက်နှာပြင်အနှံ့ ရေထိရန် လိုပါသည်။ ရေဖျန်းရာတွင်ရေလျောမကျစေရန် အပေါ်ဆုံးအလွှာပြုလုပ်ရာတွင် အနည်းငယ် ချိုင့်ထားပါ။ အစိုဓါတ်ရှိနေစေရန်အခါအားလျော်စွာရေဖျန်းပေးပါ။
          မြေဆွေးပုံလုပ်ရာတွင် အပုံဘေးနှစ်ခမ်းပတ်လည် အဆွေးနည်းပြီး အလယ်ပိုင်းကသာ ပိုမိုဆွေးလေ့ရှိ ပါသည်။ ထို့ကြောင့် ကောင်းစွာမဆွေးသော ဘေးပတ်လည်နေရာ နည်းသွားစေရန် အပုံသေးသေး များစွာမပုံ ဘဲ အပုံကြီးကြီး တစ်ပုံသာ ပုံသင့်ပါသည်။ အနံ (၆)ပေ ထားပြီး အလျားကို နေရာရှိသလောက်ထား၍ ပြုလုပ် သင့်ပါသည်။ အမြင့်ကို (၄) ပေခန့်ထားသင့်ပါသည်။
          သို့သော် တွက်ချက်မှုလွယ်ကူစေရန် အလျား (၆) ပေ၊ အနံ (၃) ပေ၊ အမြင့် (၃)ပေ မြေဆွေး ပုံတစ်ပုံ အတွက် လိုအပ်သောပစ္စည်းများကို အောက်ပါအတိုင်း တွက်ယူနိုင်ပါသည်။
          ၁။ အသင့်သုံးအီးအမ်              (၃) လီတာ/ရေသန့်ဘူး သုံးဘူး
          ၂။ တင်လဲရည်                     (၃) လီတာ/ ရေသန့်ဘူးသုံးဘူး
          ၃။ ရေ                               (၄) ဂါလံပုံး (၂ဝ) ပုံး
          ၄။ နွားချေး                          (၃) တင်း
          ၅။ ဖွဲနု                               (၁)ပြည် (ထည့်နိုင်ပါကထည့်ရန်)         
          တစ်ဧကအတွက်အထက်ပါအပုံ (၈) ပုံ = ၂တန် မှ (၂ဝ)ပုံ = ၅တန် သုံးရပါမည်။
          အကယ်၍အီးအမ်မရှိပါက အီးအမ်မပါသော ရိုးရိုးမြေဆွေးကိုလည်း အထက်ပါနည်းအတိုင်း လုပ်နိုင်ပါ သည်။ သို့သော် အလွှာတိုင်းတွင် နွားချေးပေါ်၌မြေကြီး လက်မဝက်ခန့်ဖြူးပေးပါ။ မြေကြီးကိုအရိပ်ကောင်း ပေါ်အပင်အောက်မှအပေါ်ယံ မြေသို့မဟုတ်စိုက်ခင်းထဲမှ အပေါ်ယံမြေကိုထည့်ပါ။ ထို့ပြင် လေဝင်လေထွက် ကောင်း၍ အဆွေးမြန်စေရန် မြေဆွေးပုံ၏ အထက်အောက်နှင့်ဘေးမှ ဝါးလုံးများလျှိုသွင်း ထား၍ တလခန့် အကြာတွင် ဆွဲထုတ်ပစ်ပါ။ အီးအမ်မြေဆွေးပုံတွင် ထိုသို့လုပ်ရန်မလိုပါ။ အကြောင်းမှ အီးအမ်ထဲတွင် လေမဲ့အခြေအနေတွင် အလုပ်လုပ်နိုင်သော ဘက်တီးရီးယားများပါသောကြောင့် ဖြစ်သည်။ အီးအမ်မပါသော မြေဆွေးပုံ မှာ  ၃ (လ) ခန့်ကြာမှသုံးစွဲနိုင်မည်ဖြစ်သည်။လိုအပ်သောပစ္စည်းများ ပြည့်စုံအောင်မထည့်နိုင်ပါကပိုကြာပါမည်။
          မြေဆွေးပုံများကိုအရိပ်အောက် ရေမဝပ်သောနေရာတွင်သာပြုလုပ်ပါ။ မြေကျင်းများတူး ၍ ဖိသိပ်လုပ် နိုင်လျှင် ပိုကောင်းပါသည်။ သို့သော် ကျင်းထဲရေမဝင်ရန် သတိထားပါ။

အဆင့်မြင့်အီးအမ်မြေဆွေး (စူပါဘိုကာရှီ) ပြုလုပ်နည်း
          ရှေးဦးစွာအသင့်သုံးအီးအမ် (၁)ဆ၊ တင်လဲရည် (၁)ဆ၊ ရေ (၉၈) ဆ ရောစပ်၍ သင့်တော်သော ပုံးထဲ ထည့်ဖျော်ပါ။ ထို့နောက်စပါးခွံ (၁)ဆ၊ ဖွဲနု (၁)ဆ နှင့် နွားချေး(၁) ဆ ကို သမန်တလင်း သို့မဟုတ် မြေညီပေါ် တွင် သမအောင် ရောမွှေပါ။ ပထမဖျော်ထားသော အီးအမ်အရည်ကို သမအောင်ရောထားသော စပါးခွံ၊ ဖွဲနု၊ နွားချေး အရောပုံပေါ် နည်းနည်းခြင်းဖျန်း၍ ရောမွှေပေးပါ။ ရောနှောထားသောပစ္စည်းများကို လက်ဖြင့်ဆုပ်ကြည့်ပါက လက်ကြားမှ ရေစိမ့်မထွက်ဘဲဖြန့်လိုက်ပါက အလုံးငယ်အဖြစ် တည်ရှိနေပါလျှင် သင့်တော်သောအစိုဓါတ် (၃၅-၄ဝ%) ခန့်ရပြီဖြစ်သည်။ ထိုအခါ အီးအမ်အရည် ထပ်မထည့်တော့ဘဲ ရောနှောထား သောပစ္စည်းများကို လေလုံသော ပီနန်အိတ်ခွံထဲထည့်၍ ကြိုးဖြင့်စည်းပြီး အရိပ်အောက်တွင်သိမ်းထားပါ။ (၇-၁ဝ) ရက်အကြာတွင် စတင်သုံးနိုင်ပြီဖြစ်သည်။  (၄)ရက်ခန့်အကြာတွင် အပူချိန်များနေပါက အိတ်ကို (၁ဝ) မိနစ်ခန့်ဖွင့်ထားပေးပါ။ ပြုလုပ်ပြီးမသုံးသေးပါက အရိပ်အောက်တွင်ဖြန့်၍ အခြောက်ခံပြီး အိတ်ထဲပြန်ထည့်၍ (၆)လအထိ သိမ်းထား နိုင်ပါသည်။
          စူပါဘိုကာရှီသည် ရိုးရိုးအီးအမ်မြေဆွေးထက် အာနိသင်များစွာ ပိုကောင်းပါသည်။ ဖွဲနုဈေးကြီးပါက ဖွဲနုအချိုး လျှော့ထည့်နိုင်ပါသည်။ ပဲဖတ်၊ နှမ်းဖတ်များဖြင့်လည်းပြုလုပ်နိုင်ပါသည်။ တစ်ဧက၅ဝဝလျှင် နည်းဆုံး ပိသာ (၅ဝဝ) ထည့်ရပါမည်။

အီးအမ်ဖြင့်ပိုးသတ်ဆေးပြုလုပ်နည်း
          အီးအမ်ကို အီအမ်(၅)အဖြစ်ပြုလုပ်၍ အပင်ပေါ် ဖျန်းပေးပါက ပိုးမွှားများကို ပြေးစေ၍ ရောဂါကျရောက်မှုများမှလည်း အထိုက်အလျှောက် ကာကွယ်ပေးနိုင်ပါသည်။

Our Members